Events
Biofach အော်ဂဲနစ်ပြပွဲတွင် မြန်မာလက်ဖက်နှင့် လက်ဖက်ခြောက်ထုတ်ကုန်များ ပါဝင်ပြသ
Updated At: 2022-08-03 10:59:47
ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့တွင် ကမ္ဘာ့ထိပ်တန်း အော်ဂဲနစ်ထုတ်ကုန်ပြပွဲကြီးဖြစ်သည့် Biofach Organic ပြပွဲကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ (၄) ရက်တိုင်ပြပွဲတွင် ကိုယ်တိုင်လာရောက်ခင်းကျင်းပြသခြင်းနှင့် ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့်ပြသခြင်း ပုံစံနှစ်မျိုးဖြင့် Messe Nuremberg တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြပွဲတွင် အော်ဂဲနစ်စားသောက်ကုန်များအပြင် Organic Non-food များဖြစ်သည့် အိမ်သုံးပစ္စည်း၊ အလှကုန်၊ အထည်၊ ဆေးဝါး၊ အပင်နှင့် မျိုးစေ့ များ အစရှိသည်တို့ကို နိုင်ငံများစွာမှ အော်ဂဲနစ်ကုမ္ပဏီများက လာရောက်ပြသကြပါသည်။ ထို့အပြင် ပြပွဲတွင် အော်ဂဲနစ်ထုတ်ကုန်ဆိုင်ရာ ဆွေးနွေး ပွဲဖိုရမ်များ၊ Congress များ၊ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချချက်များ၊ Exhibitor များ၏ တင်ဆက်ပြသမှုများဖြင့် နေ့စဉ်ကျင်းပဆောင် ရွက်ခဲ့ပါသည်။ ပြပွဲလက်မှတ်ဝယ်ယူသူများသည် on site ပြပွဲအပြင် အွန်လိုင်းပြသမှုနှစ်မျိုးလုံးကို ကြည့်ရှုလေ့လာခွင့် ရရှိကြပါသည်။ ပြပွဲမတိုင်မီ နှင့် ပြပွဲကာလများအတွင်း ဒစ်ဂျစ်တယ်အွန်လိုင်းစနစ်ဖြင့် Exhibitor နှင့် Visitor များအကြား ချိတ်ဆက်ဆောင်ရွက်မှု၊ တွေ့ဆုံဆွေးနွေးမှုများ လည်း ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။
ပြပွဲတွင် Organic Africa Pavilion နှင့် BioTrade Asia Pavilion နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားသည့် Pavilion (Hall 3A-320) ၌ အာရှဒေသမှ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ကုမ္ပဏီများက Biotrade Asia Pavilion တွင် ပါဝင်ပြသကြပါသည်။ Pavilion Organizer အဖြစ် Profound Advisors in development (နယ်သာလန်) က တာဝန်ယူဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ အော်ဂဲနစ် လက်ဖက် ခြောက်များ ထုတ်လုပ်တင်ပို့နေသည့် မောရှမ်းကုမ္ပဏီက ကိုယ်တိုင်လာရောက်ပြသပါသည်။ Yatha Waddi ကုမ္ပဏီ (Paline လက်ဖက်) က ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့် ပါဝင်ပြသ၍ ထုတ်ကုန်များ ခင်းကျင်းပြသမှုကိုလည်း ဆောင်ရွက်ထားရှိကာ မြန်မာနိုင်ငံရှိ Helvetas အဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြသရှင်းလင်းမှုပြလုပ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ ဦးကာက လက်ဖက်ကုမ္ပဏီမှ ကိုယ်စားလှယ် (၁) ဦးက Visitor အဖြစ် လိုက်ပါ၍ ပြပွဲလေ့လာမှုများနှင့် အတွေ့အကြုံများကို ရယူဆောင်ရွက်ပါသည်။ စုစုပေါင်း မြန်မာနိုင်ငံမှ (၅) ဦး လာရောက်ခဲ့ပြီး အဆိုပါကုမ္ပဏီများ ပါဝင်ပြသမှုနှင့် လေ့လာမှုအတွက် မြန်မာနိုင်ငံရှိ Helvetas အဖွဲ့အစည်း၏ Bio Trade စီမံကိန်းက စရိတ်မျှခံ ပံ့ပိုးပေးခြင်းဖြစ်ပါသည်။
ပြပွဲကာလအတွင်း မောရှမ်းကုမ္ပဏီအနေဖြင့် ဂျာမနီနှင့် ပိုလန်နိုင်ငံ အဝယ်တော်ကုမ္ပဏီများနှင့် မြန်မာအော်ဂဲနစ်လက်ဖက်ခြောက်များ တင်ပို့ ရောင်းချနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကာ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရန် ရှိပါသည်။ မောရှမ်းကုမ္ပဏီသည် လက်ရှိတွင် ဂျာမန်ကုမ္ပဏီများဖြစ်သည့် Chardo နှင့် Tee Gschwendner ကုမ္ပဏီများသို့ မြန်မာအော်ဂဲနစ်လက်ဖက်ခြောက်များ တင်ပို့လျှက်ရှိပြီး အီးယူ ဈေးကွက်ပိုမိုရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ Yatha Waddi ကုမ္ပဏီ၏ ပလိုင်းအော်ဂဲနစ်လက်ဖက်ကိုလည်း စိတ်ဝင်စားသူ များပြားကာ အထူးသဖြင့် လက်ဖက်အနှစ်တွင် သီဟိုစေ့အမှုန့်၊ ဗန်ဒါစေ့အမှုန့်နှင့် သံလွင်ဆီတို့ ထပ်မံရောစပ်၍ ဘီစကစ်မုန့်ချပ်၊ ပေါင်မုန့်တို့ဖြင့် မိတ်ဆက်စားသုံးမှုပုံစံကို နှစ်သက်ကြကြောင်း တွေ့ရှိရပါသည်။
ပြပွဲမတိုင်မီနှင့် ပြပွဲပြီးနောက် ခရီးစဉ်များအတွင်း မြန်မာအဖွဲ့သည် လက်ရှိ ဂျာမန်အဝယ်တော်ကုမ္ပဏီများဖြစ်သည့် Chardo နှင့် Tee Gschwendner ကုမ္ပဏီရုံးချုပ်များတည်ရှိရာ ဘရီမင်မြို့ (Bremen) နှင့် ဘွန်းမြို့ (Bonn) များသို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုနှင့် ထုတ်လုပ်မှု နေရာဒေသများအား လေ့လာမှုများ၊ လယ်သမားအထောက်အကူပြုအစီအစဉ်များနှင့် ထုတ်ကုန်အရည်အသွေးပိုင်းဆိုင်ရာ ဆောင်ရွက်သင့်သည် များအတွက် Helvetas အဖွဲ့အစည်းပါဝင်၍ ဆွေးနွေးမှုများ၊ Business matching များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
စီးပွားရေးသံမှူးအနေဖြင့် မြန်မာကိုယ်စားလှယ် အဖွဲ့မလာရောက်မီ လိုအပ်သည့်ဗီဇာများရရှိရေး၊ လာရောက်သည့်ကာလအတွင်း တည်းခိုမှုနှင့် Logistics ပိုင်း စီစဉ်ဆောင်ရွက်မှုများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဂျာမနီနိုင်ငံအပါအဝင် အီးယူအဖွဲ့ဝင်နိုင်ငံများရှိ Tea companies များသို့ မြန်မာကုမ္ပဏီများ ပါဝင်ပြသမှုကို ဆက်သွယ်အကြောင်းကြားခြင်းများ၊ ပြပွဲကာလအတွင်း ဇူလိုင်လ (၂၉) ရက်နေ့တွင် နူရင်ဘတ်မြို့ရှိ ပြပွဲသို့ သွားရောက်၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ မြန်မာထုတ်ကုန်များ ဈေးကွက်ချိတ်ဆက်နိုင်မှုအခြေအနေအား လေ့လာခြင်း၊ Helvetas ရုံးချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
Biofach Organic ပြပွဲကို ၁၉၉၀ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ပြပွဲသို့ နိုင်ငံပေါင်း (၉၄) နိုင်ငံမှ လာရောက်ပြသသူ (Exhibitors) ပေါင်း (၂၂၇၆) ဦး ရှိခဲ့ပါသည်။ လာရောက်ကြည့်ရှုလေ့လာသူများ (Trade visitors) အနေဖြင့် နိုင်ငံပေါင်း (၁၃၇) နိုင်ငံမှ (၂၄၀၀၀) ဦးရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်အတွက် Biofach Organic ပြပွဲကို (၁၄-၂-၂၀၂၃) မှ (၁၇-၂-၂၀၂၃) ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားရှိပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.biofach.de/en
Event Details
- Date
- july 26th to 29th, 2022
- Location
- Messe Nuremberg, Germany
- Website
- https://www.biofach.de/en
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026